စစ်ကောင်စီတပ်ထိုင်ထားတဲ့ ထိုင်းနယ်စပ်ရှိ KNU ဌာနချုပ်ဟောင်းနောက်တစ်ခုကို KNU ပြန်သိမ်း
ကော်သူးလေ - ၂၀၂၅ ဇွန် ၂၃ (မော်ကွန်း)
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်၊ ထီးကပလယ် စစ်ကောင်စီစခန်းကို KNU ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မနေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြပါတယ်။

ဒီစခန်းဟာ မြဝတီမြို့တောင်ဘက်၊ DKBA ထိန်းချုပ်ရာ ဝေါလေဒေသထဲမှာရှိပါတယ်။
ထီးကပလယ်စခန်းဟာ KNU ဌာနချုပ် မာနယ်ပလောစခန်းကျပြီးနောက် ၁၉၉၅ မှာ ရွှေ့ပြောင်းခဲ့ရတဲ့ တပ်မဟာ-၆ နယ်မြေထဲက နောက်ထပ် KNU ဌာနချုပ်တစ်ခုဖြစ်ခဲ့ပေမယ့် တည်ဆောက်ပြီး နှစ်နှစ်အကြာမှာပဲ မြန်မာစစ်တပ်က ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
ခုတော့ ၂၈ နှစ်အကြာမှာ ဒီစခန်းကို ပြန်လည်ရယူနိုင်ခဲ့သလို မာနယ်ပလောစခန်းကိုလည်း ၂၀၂၄ ဒီဇင်ဘာမှာ KNU က ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
KNU ပြောခွင့်ရ ပဒိုစောတောနီးကတော့ "ထူးထူးခြားခြားတော့ ပြောစရာမရှိပါဘူးခင်ဗျ၊ ကျွန်တော်တို့အတွက်ကတော့ ဒီလိုပြန်ရခဲ့တဲ့အတွက် နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းဖို့ကတော့ အဆင်သင့်ဖြစ်သွားတဲ့သဘောပေ့ါ"လို့ မော်ကွန်းကိုပြောပါတယ်။
KNU ဟာ အခုနှစ်ဆန်းပိုင်းမှာ ထိုင်း - မြန်မာနယ်စပ်က စစ်ကောင်စီစခန်းတွေဖြစ်တဲ့ ဘလယ်ဒို၊ ရွှေအေးမြိုင်၊ ကနဲလေး၊ ဘုရင့်နောင်တပ်စခန်း၊ မော်ခီးနဲ့ သေ့ဘောဘိုးစခန်းတွေကို တောက်လျှောက်သိမ်းယူပစ်ခဲ့ပြီး အဲဒီအထဲမှာ နယ်စပ်ဝင်ငွေကောင်းတဲ့ တပ်မဟာ-၄ နယ်မြေထဲက ထီးခီးကုန်သွယ်ရေးစခန်းလည်းပါဝင်ပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်ဟာလည်း ၂၀၂၄ နှစ်ဆန်းပိုင်း KNU တပ်တွေ မြဝတီကို ဝင်တိုက်ကတည်းက ရပ်တန့်နေသလို စစ်ကောင်စီတပ်ကိုလည်း ကော်ဘရာနဲ့ ကျားသစ်နက်စစ်ကြောင်းတွေက သင်္ကန်းညီနောင်ကနေ ဖြတ်တောက်ပိတ်ဆို့ထားဆဲပါ။
ဒီလိုအချိန်မှာပဲ KNU ဟာ ကော်သူးလေ ဖက်ဒရယ်ယူနစ်နဲ့ ကော်သူးလေအစိုးရအကြောင်းတွေကို စတင်မိတ်ဆက်လာပြီး မကြာခင်မှာ အပြောင်းအလဲတွေရှိလာနိုင်ကြောင်း အသိပေးထားပါတယ်။