ငလျင်ဒဏ်ခံနိုင်တယ်လို့ ပြောရောင်းထားတဲ့ Sky Villa ကွန်ဒိုအောက်မှာပိတ်မိနေသူ ၄၀ ကျော်ကယ်ထားပြီး ကိုးဦး အလောင်းရထားတယ်လို့ မီးသတ်ဗဟိုထုတ်ပြန်
ရန်ကုန် -၂၀၂၅ မတ် ၂၉ (မော်ကွန်း)
မနေ့ကမွန်းလွဲပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မြေထဲနစ်မြုပ်ပြိုကျခဲ့တဲ့ မန္တလေးမြို့ Sky Villa ကွန်ဒိုကနေ အသက်ရှင်လျှက် ၄၃ ဦး ကယ်ထားနိုင်ပြီး ကိုးဦးအလောင်းရထားကာ ကယ်ဆယ်ရှာဖွေရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။



အဲဒီကွန်ဒိုဟာ အောင်မြေသာစံမြို့နယ်အတွင်းမှာ တည်ရှိပြီး ငလျင်ကြောင့် ဆိုးဆိုးရွားရွားပြိုကျသွားတဲ့ မန္တလေးမြို့က ရာနဲ့ချီတဲ့အဆောက်အအုံတွေထဲကတစ်ခုပါ။
ဒီကွန်ဒိုကို ရောင်းချဖို့ ကြော်ငြာစဉ်က ငလျင်ဒဏ်ကို ခံနိုင်တယ်လို့ ကုမ္ပဏီဘက်က အာမခံခဲ့ပေမယ့် မနေ့ကတော့ စစ်ကိုင်းငလျင်နဲ့ကြုံပြီး ပြိုကျခဲ့တာပါ။
စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ကြရတဲ့အထဲ မန္တလေးမြို့က အဆိုးရွားဆုံးဖြစ်ပြီး လူ ၈၀၀ ကျော်သေဆုံးခဲ့ကာ ထောင်နဲ့ ချီတဲ့လူတွေ ဒဏ်ရာရခဲ့သလို အဆောက်အအုံ ထောင်နဲ့ချီ ပျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီနဲ့ မြေပြင်ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
မနေ့က မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်မှာ မန္တလေးမြို့နဲ့ ၁၂ မိုင်ကျော်အကွာ၊ စစ်ကိုင်းမြို့နယ်ထဲက မြေအောက်အနက် ၆ မိုင်ဝန်းကျင်ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၇ဒသမ၇ နဲ့ လှုပ်ခဲ့တဲ့ စစ်ကိုင်းငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် နိုင်ငံတစ်ဝန်း လူတစ်ထောင်ကျော်သေပြီး ၂,၄၀၀ ခန့် ဒဏ်ရာ ရခဲ့သလို သေဆုံး၊ ဒဏ်ရာရ ထပ်တိုးလာဖို့ ရှိတယ်လို့ စစ်ကောင်စီက ဒီနေ့လယ်မှာ သတင်းထုတ်ပါတယ်။
ငလျင်ကြောင့် မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ရှမ်း နဲ့ နေပြည်တော်ကောင်စီ ဒေသတွေကို စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာထားပြီး နိုင်ငံတကာကိုလည်း လူသားချင်းစာနာမှုအ အကူအညီတောင်းထားပါတယ်။
ပြည်တွင်းမှာ ဗဟိုပြုတဲ့ ဒီငလျင်ကြောင့် ဒေသတွင်း နိုင်ငံတွေအထိ အဖျားခတ်လှုပ်ခတ်မှု ဖြစ်ခဲ့ကာ အထပ်မြင့် အဆောက်အအုံတွေ ပြိုကျတဲ့ အိမ်နီးချင်း ထိုင်းကတော့ ငလျင်ဆိုင်ရာ အရေးပေါ်အခြေအနေကြေညာပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။