မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ အာဏာသိမ်းစစ်တပ်စခန်းအားလုံးကို တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ မိုးကုတ်ဗျူဟာပူးပေါင်းတပ်တို့ ဒီီနေ့ ညနေ ၅:၀၀ နာရီအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းမှာ ဇူလိုင်၈ရက်ကစတင်ပြီး မြို့ပြင်စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့နောက် ဒီနေ့မှာတော့ မြို့တွင်းစစ်တပ်စခန်းအားလုံးကို TNLA ကသိမ်းပိုက်နိုင်ခဲ့တာပါ။
" ဗျူဟာကုန်းကလက်နက်မချတာ၊ ဒါပေမယ့် ခက်ခက်ခဲခဲတော့မတိုက်လိုက်ရပါဘူး၊ စခန်းအားလုံးရသွားပြီ၊ ပြည်သူတွေကကြိုဆိုနေကြတော့ အပျော်လွန်နေတာ"လို့ ရှေ့တန်းမှာပါဝင်ခဲ့တဲ့ရဲဘော်တစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းကို TNLA က ဒီနေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့တွင်းကို TNLA တပ်တွေ ကားနဲ့လှည့်လည်ရာမှာ ပြည်သူတွေက သပြေပန်းနဲ့ ကြိုဆိုခဲ့ကြပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း ကန်တော်ရပ်ကွက်၊ ကန်ဘောင်အနီး၊ မင်းတံတားရပ်ကွက်၊ရွှေလိပ်ပြာရွာတို့မှာ TNLA က ကားနဲ့လှည့်လည်နေခဲ့တာကို မြင်တွေ့ပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းက ရတနာကြေးမုံဘုန်းကြီးကျောင်းရှိ စစ်တပ်စခန်း၊ ဗိုလ်ကုန်းရပ်ကွက်ရှိ ကုလားဘုရားကျောင်း၊ မြို့မရဲစခန်း၊ ချမ်းသာကြီးရွာရှိစစ်တပ်စခန်းတို့မှာ မနေ့ကတိုက်ပွဲ ဖြစ်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းမနေ့ကတိုက်ပွဲမှာ စစ်သုံ့ပန်း ၁၉ဦးနဲ့ စစ်သားအလောင်း ၁၆လောင်းအပြင် လက်နက်ခဲယမ်းအချို့သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းမှာ ဇွန် ၂၅ ရက်ကစတင်ပြီး စစ်တပ်စခန်းတွေကို TNLA တပ်ကတိုက်ခိုက်ခဲ့ပြီး ဇွန် ၃၀ရက်နေ့မှာ မိုးကုတ်မြို့အနောက်ပိုင်းကို TNLA တပ်ကထိန်းချုပ်နိုင်ခဲ့ပါတယ်။




