ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် ခြောက်ကြိမ်မြောက် စစ်သင်တန်းဆင်း၊ လက်နက်တွေကို မဟာမိတ် TNLA က ပံ့ပိုး
ဓနု - ၂၀၂၅ ဇွန် ၂၄ (မော်ကွန်း)
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) ခြောက်ကြိမ်မြောက်စစ်သင်တန်းဆင်းခဲ့ပြီး လက်နက်တွေကို မဟာမိတ် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )က ပံ့ပိုးတာဖြစ်တယ်လို့ DPLF/DPLA ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က မော်ကွန်းကိုပြောပါတယ်။



DPLA တပ်စတင် တည်ထောင်ကတည်းက TNLA အနေနဲ့ တောက်လျှောက်ပံ့ပိုးခဲ့တာဖြစ်သလို ဒီတစ်ကြိမ် စစ်သင်တန်းဆင်းပွဲမှာလည်း လက်နက်တပ်ဆင်တဲ့အခါမှာ TNLA က ပံ့ပိုးခဲ့တာဖြစ်တယ်လို့ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။
"တပ်စတည်ထောင်ကတည်းက အခုချိန်ထိ ပံ့ပိုးကူညီပေးနေတာပါ"လို့ DPLF/DPLA ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA)ကို ၂၀၂၂ ဩဂုတ်မှာ ဓနုလူငယ်တွေ၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေစုစည်းကာ စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်၊ ကလော၊ ရပ်စောက်၊ နောင်ချို၊ ပင်းတယနဲ့ ရွာငံမြို့နယ်တွေကို စတင်အခြေခံခဲ့ပါတယ်။
DPLF/DPLA ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရဲ့ ပင်းတယမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပေမယ့် DPLF/DPLA ကတော့ NUG ရဲ့ ကွပ်ကဲမှုအောက်မှာမရှိဘဲ သီးခြားရပ်တည်တဲ့ လူမျိုးစုတော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
"ဓနုဒေသကိုလွှမ်းခြုံပြီး ကိုယ်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်တရားစီရင်ခွင့်၊ ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့် ဒါတွေကို ရည်မှန်းအကောင်ထည်ဖော်နေတာပါ"လို့ ဦးထွန်းထွန်းနိုင်ကပြောပါတယ်။
DPLF/DPLA ဟာ ၁၀၂၇ စစ်ဆင်ရေး၊ သပြေညိုစစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့သလို ကျောက်မဲ၊ သီပေါမြို့သိမ်းတိုက်ပွဲတွေမှာလည်း TNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့အတူ ပါဝင်ခဲ့ပါတယ်။
"လက်ရှိ မဟာမိတ် TNLA ဦးဆောင်နေတဲ့ နောင်ချိုစစ်မြေပြင်မှာ တိုက်ပွဲဝင်နေပါတယ်"လို့ ဦးထွန်းထွန်းနိုင်ကပြောပါတယ်။
တရုတ်ရဲ့ ကြားဝင်မှုနဲ့ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့(MNDAA) က ပြန်ပေးပြီးတဲ့နောက် လတ်တလော နောင်ချိုမြို့နယ်မှာ MNDAA ရဲ့ မဟာမိတ် TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်ကောင်စီဘက်က မြေပြင်၊ ဝေဟင်အင်အားတိုးချဲ့၊ ထိုးစစ်ပြုလုပ်လာတာကြောင့် တော်လှန်ရေးတပ်တွေဘက်က နယ်မြေတချို့ ပြန်ပေးထားရတာရှိနေကြောင်း သတင်းဌာနတွေမှာ ဖော်ပြနေကြပါတယ်။