မိုးကုတ်မြို့မှာ ဂေါ်ရခါးလူမျိုးတွေကို စစ်မှုထမ်းဖို့ TNLA ပိုဖမ်းလာတယ်လို့ပြော
မိုးကုတ်-၂၀၂၅ ဩဂုတ် ၁၃ (မော်ကွန်း)
မိုးကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA) က အခုရက်ပိုင်းမှာ မြို့ပေါ်က ဂေါ်ရခါးလူမျိုးတွေကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်းပို့တာတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ အဲဒီမြို့က ဂေါ်ရခါးတချို့က ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ မိုးကုတ်မြို့အရှေ့ပိုင်းက အဝင်ထွက်ဂိတ်မှာ ခရီးသွားမယ့် ဂေါ်ရခါးလူမျိုးတချို့ကို TNLA က ဖမ်းဆီးခဲ့သလို ဒီလ ၉ ရက်တုန်းကလည်း နန်းနွဲ့ရွာက ဂေါ်ရခါး အမျိုးသား၊အမျိုးသမီး ခုနှစ်ယောက်ကို ဖမ်းခဲ့သေးတယ်လို့ ပြောပါတယ်။
အဲဒီနောက် ၁၀ ရက်နေ့မှာ မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက်က ၁၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံ ဂေါ်ရခါးတစ်ဦးက ပြောပါတယ်။
"စစ်မှုထမ်းဖို့ တော်လှန်ရေးအတွက် လူခေါ်တာက ပြသနာမရှိဘူး၊ ဂေါ်ရခါးလူမျိုးတစ်ခုထဲကိုပဲ၊ လူနည်းစုတစ်ခုထဲကို အတင်း ဖိနှိပ်နေတယ်လို့ ခံစားရတယ်၊ လူတစ်ယောက်ကိုဖမ်းပြီး ဆန္ဒမပါဘဲ စစ်တိုက်ခိုင်းနေတာ တိရစ္ဆာန်ထက် လွယ်နေသလိုပဲ" လို့ မြို့ခံဂေါ်ရခါးတစ်ဦးက ပြောပါတယ်။
ဂေါ်ရခါးလူမျိုးတွေ စစ်မှုထမ်းပေးဖို့ TNLA လူကြီးတွေနဲ့ သူတို့ခေါင်းဆောင်တွေကြား ဆွေးနွေးတာတွေ လုပ်နေချိန်၊ တိကျတဲ့ အဖြေမထွက်သေးချိန်မှာ အခုလို အောက်ခြေမှာ ဖမ်းဆီးမှုတွေ လုပ်ဆောင်လာကြတာလို့ မြို့ခံတချို့က ပြောပါတယ်။
မိုးကုတ်မြို့တွင်းမှာ ရှိတဲ့ ဂေါ်ရခါးလူမျိုးတွေ နေထိုင်ရာ ရပ်ကွက်တွေထံကနေ ရပ်ကွက်တစ်ခုကို လူ သုံးယောက်ပေးဖို့ TNLA က ခွဲတမ်းတောင်းပြီး မပေးနိုင်ကြတဲ့အတွက် လူကြီးတွေသာမက အမျိုးသမီးတွေကိုပါ ဖမ်းဆီးခေါ်ဆောင်နေတာလို့ မိုးကုတ်မြို့ခံ တစ်ဦးက ရှင်းပြတယ်။
" TNLA နဲ့ ဂေါ်ရခါးလူမျိုးက လူကြီးတွေ အစည်းအဝေးထိုင်ကြတယ်၊ တစ်နေကုန်နီးပါးကြာတယ်၊ အိမ်ထောင်စု စာရင်း ထပ်ခိုင်းပြီး မပေးနိုင်တဲ့ ရွာတွေကို လိုက်ဖမ်းနေတာ၊ ရွာတွေကို ညဘက်ဝင်ဖမ်းတယ်၊ အရင်က ညှိရင်လွတ်ပေးတယ်၊ အခုက မလွှတ်ပေးတော့ဘူး၊ သင်တန်းကျောင်းကို ပို့မယ်တဲ့။ လူကြီးတွေက စားဖို (ထမင်းချက်) လုပ်ရမယ်ဆိုပြီး ဖမ်းသွားတယ်" လို့ အထက်ပါ မြို့ခံက ပြောတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီထံ ပြန်လည်စွန့်လွှတ်လိုက်ရပြီးနောက် မိုးကုတ်မြို့ဘက်ကို စစ်ကောင်စီတပ်တွေက ထပ်မံ စစ်ကြောင်းထိုးလာနေချိန် ပြီးခဲ့တဲ့လဝက်ကတည်းက မိုးကုတ်မြို့မှာ နေထိုင်တဲ့ ဂေါ်ရခါးလူမျိုးတွေကို TNLA က စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာတွေ လုပ်ခဲ့တာလို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။
ဒီလ ၅ ရက်က ပြုလုပ်တဲ့ TNLA ရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မိုးကုတ်မြို့နယ်က ဂေါ်ရခါးလူမျိုးတွေကို ဖမ်းဆီး၊ စစ်မှုထမ်းခိုင်းတာမျိုးမရှိဘဲ မြို့ရဲ့လုံခြုံရေးအခြေအနေအရ လူမျိုးစုအကြီးအကဲတွေနဲ့ ညှိနှိုင်းစီစဉ်နေတာတော့ရှိတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောခဲ့ပါတယ်။
TNLA အနေနဲ့ တအာင်းလူမျိုးမဟုတ်တဲ့သူတွေကို မဖြစ်မနေစစ်မှုထမ်းဖို့ မသတ်မှတ်ထားဘဲ ဆန္ဒအရ ပါဝင်သူတွေကို ကြိုဆိုတယ်လို့ ဆိုပါတယ်။
TNLA အဖမ်းခံရမှာစိုးတဲ့အတွက် မိုးကုတ်မြို့က တိမ်ရှောင်ကြတဲ့ ဂေါ်ရခါးလူငယ်တွေလည်း အများအပြားရှိတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
မိုးကုတ်မြို့နယ်ထဲမှာ နေထိုင်သူဦးရေးရဲ့ ၁၀ ရာခိုင်နှုန်းကျော်ဟာ ဂေါ်ရခါးလူမျိုး(နီပေါ)တွေဖြစ်ပြီး လူဦးရေ ၁၉,၀၀၀ ကျော် ရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးအချက်အလက်တွေမှာ ဖော်ပြပါတယ်။
မိုးကုတ်မြို့ကို TNLA က ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ သိမ်းခဲ့တာဖြစ်ပြီး ပတ္တမြားနဲ့ ရွှေထွက်တဲ့ ဒီမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲဖျက်ဆီးနေတဲ့အတွက် ဒေသခံရာနဲ့ချီ သေဆုံး၊ ထိခိုက်ထားပြီးလည်းဖြစ်ပါတယ်။